အင်းဝပျက်တမ်းချင်း (၁)

From Wikisource
Jump to navigation Jump to search
အင်းဝပျက်တမ်းချင်း (၁)
by ဟံသာဝတီရောက်မင်း

လုဇ္ဇတိ ပလုဇ္ဇတိလောကော၊ သဘောနိယံ၊ လောကဓံနှင့်၊ ဆက်ဆံကြုံကြိုက်၊ ကိန်းခန်းလိုက်ဖြင့်၊ ရစ်ဝိုက်မြစ်ဆုံ၊ ရွှေဘုံအဝ၊ ပုရိန္ဒကား၊ နရသနင်း၊ မင်းလည်းရှင်းကွာ၊ ပြည်ရွာပျက်စီး၊ တောကြီးဟူလောက်၊ မျက်မှောက်ကင်္ကာ၊ သာသနာလည်း၊ ရောင်ဝါမလင်း၊ သို့ဖြစ်ခြင်းကို၊ မြော်တင်းစေ့စေ့၊ ကြံအောက်မေ့သော်၊ ပျောင်းခွေ့ညွတ်ခွေ၊ လွမ်းတာဝေခဲ့၊ မင်းနေအောင်ချာ၊ ပျက်စီးရာတွင်၊ ဟံသာဝတီ၊ မိုးဆီထိမျှ၊ ရန်မျိုးခသည်၊ ကျယ်လှကျူးကျော်၊ ရွှေပြည်တော်သို့၊ ရှုမျှော်ရောက်လျှင်၊ မော်ဓောရှင်ကို၊ စိတ်အင်နှစ်သက်၊ ဖူးရချက်လည်း၊ မိုက်မျက်အပါယ်၊ လမ်းကြောင်းကွယ်လိမ့်၊ ခန့်ရွယ်ရှုမျှော်၊ သို့ပင်သော်လည်း၊ တိုင်းကျော်ဌာန၊ ရွှေအင်းဝဝယ်၊ ပင်းယရိပ်မြုံ၊ ရွှေစည်းခုံက၊ သုံးဘုံခပင်း၊ မှောင်မျိုးလင်းသား၊ မြို့တွင်းစည်းခုံ၊ ရောင်ဟုန်တောက်ပ၊ လောကသရဖူ၊ ဝှန်းဆူပေါက်ပြ၊ လောကမာရ်အောင်၊ ရွှေပြောင်ပြောင်နှင့်၊ မာန်အောင်ရတနာ၊ မဟာဗောဓိ၊ မြတ်မုနိတည့်၊ လျှံညီပြောင်ရွှန်း၊ ဆယ်ရပ်ထွန်းမျှ၊ ထွတ်စွန်းထိပ်ချာ၊ မင်္ဂလာစေတီ၊ အညီနှံ့လည်၊ ရှင်ပင်သည်လည်း၊ ထက်ပြည်မိုးဆင့်၊ တိမ်မြင့်မြင့်ဝယ်၊ စွင့်စွင့်ရိပ်မြိုင်၊ ဖြူးဖြူးပြိုင်လျက်၊ ရောင်ဆိုင်မြခဲ၊ တရဲရဲတည့်၊ မြခဲညိုမှိုင်း၊ တူသင့်နှိုင်း၍၊ စစ်ကိုင်းဇေယျာ၊ ပုရမှာလည်း၊ တောင်သာပတ်ချိပ်၊ တောင်ထိပ်တောင်ထွတ်၊ ပတ်ရရတ်တည့်၊ သွယ်ပတ်ယှက်ကူး၊ ပြူးရရူးသား၊ တောင်ဦးတောင်စဉ်၊ တောင်လျဉ်တောင်ဝှမ်း၊ မြရောင်လျှမ်းလျက်၊ ရွှင်ဝမ်းဆွတ်မျှ၊ ပုညစေတီ၊ တိမ်ဆီတမျှ၊ ပတ္တမြားစေတီ၊ တောင်ဆီတူရူ၊ ရှင်ဖြူရှင်လှ၊ ချမ်းလှရိပ်မြုံ၊ ထူပါရုံနှင့်၊ ကြီးခုံမောက်မော်၊ ကောင်းမှုတော်လည်း၊ ခြောက်ဖော်ရောင်ကွန့်၊ နေကိုလှန့်လျက်၊ ပတ်ဖြန့်ပြောင်ရွှန်း၊ နေ့ညဉ့်ထွန်း၍၊ ရစ်သမ်းလက်ျာ၊ ရှေ့ဆီညာက၊ မှောင်ခွာပယ်လျက်၊ လင်းလင်းစက်သည်၊ ကြက်ယက်ဘုန်းခေါင်၊ တောင်နှစ်တောင်ထက်၊ မြတ်မောင်နှမ၊ ကိုယ်တော်လျလည်း၊ သောကထပ်ရစ်၊ အချစ်အခင်၊ အကြင်အကျွမ်း၊ အလွမ်းဆာပူ၊ ရှိသသူကို၊ ရေတူထပ်ရှည့်၊ ငြိမ့်အောင်ဖြည့်ရှင့်။ စည့်စည့်ခြောက်ရောင်၊ မိုးလုံးပြောင်မျှ၊ လိုဏ်ချောင်ဂူကျောင်း၊ တန်ဆောင်းဇရပ်၊ မည်မလပ်ပြီ၊ ဖြီးထပ်စည်ဖြာ၊ သာသနာ၏၊ ရင်းစွာမူလ၊ ပမာဏဖြင့်[1]
၊ သီလကြိုင်ဟုန်၊ ကျေးဇူးထုံလျက်၊ စွယ်စုံအင်္ဂါ၊ ယတြာရ၊ မာတင်္ဂသို့၊ နေ့ညသုတ်သင်၊ လမ်းကြောင်းထွင်သို့၊ သုံးအင်ပိဋကတ်၊ စုံညီညွတ်မျှ၊ ထေရ်မြတ်သံဃာ၊ အရိယာနှင့်၊ ရောင်ဝါပရွှင်း၊ တလင်းလင်းသည်၊ ထွန်းဝင်း သာသနာတည့်လေ၊ မြန်ခန်း မင်းဝံတည့်လေး။

မှတ်ချက်[edit]

  1. "ပဓာနဖြင့်" ဟူ၍ မူကွဲရှိသည်။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse